အစာစားပြီးနောက်ပိုင်းမှာဖြစ်လာတာချင်းတူတယ်ဆိုပေမယ့် ဝေဒနာအတိမ်အနက်ကမတူပါဘူး။ အစာအဆိပ်သင့်ဖြစ်နေတာကို ရိုးရိုးအစာမကြေတာလို့ ထင်နေပြီးပေါ့ဆနေမိရင် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစောကုသနိုင်ဖို့ အရေးကြီးပါတယ်။
ဘာတွေကွာခြားလဲ
အစာမကြေဖြစ်ပြီဆိုရင် –
- နေထိုင်မကောင်းလောက်အောင်ပြည့်ကယ်နေခြင်း
- ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်း
- လေချဉ်တက်ခြင်း
- အစာအိမ်ထဲမှအစာများပြန်တက်လာခြင်း
- လေပွခြင်း
- ပျို့ခြင်း၊ အန်ခြင်း တို့လို လက္ခဏာတွေဖြစ်လာတတ်ပါတယ်။
အစာအဆိပ်သင့်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတာကြောင့်ပါ။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။
အစာအဆိပ်သင့်တဲ့အခါ သိသာတဲ့လက္ခဏာတွေကတော့ မအီမသာဖြစ်မယ်၊ အန်မယ်၊ ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ်၊ ဗိုက်အောင့်တယ်၊ ကိုယ်ပူမယ်။ အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်။
ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။
ဒါဆို ဘာလုပ်ရမလဲ
- မအီမသာ၊ ပျို့အန်ခြင်းကို အရင်သက်သာအောင်လုပ်ပါ။
- အန်တာမသက်သာမချင်း နာရီပိုင်းအတွင်း ဘာမှထပ်မစားပါနဲ့။ အစာအိမ်ကို သက်တောင့်သက်သာထားပါ။
- ဆာလာရင် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ခရက်ကာ၊ ငှက်ပျောသီး၊ ပေါင်မုန့်စတာတွေ နည်းနည်းစားလိုက်ပါ။ အန်ချင်လာရင် ရပ်ထားပါ။
- ရေသောက်ရင် တခါတည်းများများမသောက်ပါနဲ့။ နည်းနည်းချင်းနဲ့ မကြာခဏသောက်ပါ။
- အစာအဆိပ်သင့်ဖြစ်နေချိန်မှာ အအန်ပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။ ရေဓါတ်ဆုံးရှုံးမှု ဖြစ်နိုင်တာကြောင့် ဆရာဝန်က ဒီဆေးတွေကိုလိုအပ်မှ ညွှန်ကြားလာနိုင်ပါတယ်။
- လက္ခဏာတွေ မသက်သာခင်အထိ နို့ထွက်ပစ္စည်း၊ ကဖင်း၊ အယ်ကိုဟော၊ နီကိုတင်းနဲ့ အဆီများ၊ အရသာလေးတဲ့စားစရာတွေကို ရှောင်ပါ။
- အားကုန်နွမ်းလျနေမှာမို့ အနားယူပါ။
- အန်တာ၊ ဝမ်းလျှောတာ ၂၄ နာရီထက် ကြာနေပြီဆို ဓါတ်ဆားရည်သောက်ပါ။
ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင်
- ဗိုက်အရမ်းအောင့်တာ
- အဖျားတက်တာ
- ဝမ်းသွားတဲ့အထဲ သွေးပါတာ၊ ဝမ်းအမည်းတွေသွားတာ
- ဆက်တိုက် အန်နေတာ၊ သွေးပါလာတာ
- ရေဓါတ်ခန်းခြောက်မှုလက္ခဏာတွေရှိလာတာ (အာခေါင်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းအားကုန်ခြင်း၊ အသက်ရှူမြန်၊နှလုံးခုန်မြန်ခြင်း)
- အမြင်အာရုံမှုန်ဝါးလာတာ၊ ကြွက်သားအားနည်းလာတာ၊ လက်မောင်းမှာ ထုံကျဉ်လာတာလိုမျိုး အာရုံကြောပြဿနာတွေဖြစ်လာပြီဆို ဆရာဝန်အမြန်ဆုံးပြပါ။
တကယ်လို့ အစာအဆိပ်သင့်လက္ခဏာတွေရှိနေရင် ပြင်းထန်နေပြီ၊ ခံစားရမသက်သာဘူးဆို ဆေးရုံဆေးခန်းအရင်သွားပြီး စစ်ဆေးကုသမှုခံယူတာစိတ်အချရဆုံးပါပဲ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmr]

















