ဆီးချိုက ကမ္ဘာ့လူဦးရေတော်တော်များများခံစားရတဲ့ရောဂါတစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်းလာတတ်ပေမယ့် အချိန်ကြာလာနဲ့အမျှတွေ့သမျှရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာခံစားနေရတဲ့သူတွေအတွက် ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံကိုပြောပြပေးချင်ပါတယ်။
ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေ
ဆီးချိုသက်တမ်းရင့်လာတဲ့အခါ ဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။
ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ဒီလိုကာကွယ်ပါ
ကိုယ်အလေးချိန်ချပါ – ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်ထိန်းဖို့ သတိထားပေးပါ။
တစ်နေ့နှစ်ကြိမ်သွေးချိုတိုင်းပါ -နေ့စဉ်မနက်ခင်းတစ်ကြိမ် ညနေတစ်ကြိမ်လောက်သွေးချိုကို ပုံမှန်တိုင်းတာပေးပါ။ အိမ်မှာသွေးချိုတိုင်းစက်လေးဝယ်ထားပြီး တိုင်းပေးလို့ရသလို နီးစပ်ရာဆေးခန်းတွေဆေးဆိုင်တွေမှာ သွားရောက်ပြီး တိုင်းတာစစ်ဆေးလို့လည်းရပါတယ်။ သွေးချိုအရမ်းမြင့်နေရင် ထိန်းဖို့လိုအပ်ပါမယ်။
ကာဗိုဟိုက်ဒရိတ်ကို စစ်ဆေးပါ – တစ်နေ့တာမှာ ကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက်ထိစားလိုက်လဲဆိုတာကို သိဖို့လိုအပ်သလို သတိထားဆင်ခြင်ဖို့လည်း လိုအပ်ပါမယ်။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ထိန်းနိုင်မှသွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်မှာပါ။ အစားစားတဲ့အခါ အဆီနည်းပြီး အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အဓိကထားစားပေးပါ။ အသီးအရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ အမျှင်ဓါတ်ပါဝင်မှုများတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားသုံးပေးပါ။
သွေးပေါင်ချိန်ကိုထိန်းညှိပါ – ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါဝင်လာနိုင်တယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဒါကြောင့်သွေးပေါင်ချိန်ကိုမေ့ထားလို့မရပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ကိုစောင့်ကြည့်သင့်တာပါ။သွေးတိုးရောဂါခံစားနေရမယ်ဆိုရင်လည်း ဆရာဝန်နဲ့သေချာလေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ပြောချင်ပါတယ်။
သွေးတွင်းကိုလက်စထရောစစ်ဆေးပါ -သွေးတွင်းကိုလက်စထရောများတာကရောဂါတွေကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းခံတစ်ခုပါ။ ဒါကြောင့် ပုံမှန်သွေးတွင်းကိုလက်စထရောပမာဏကိုစစ်ဆေးဖို့လိုပါမယ်နော်။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးရာရောက်သလိုသွေးတွင်းသကြားဓါတ်ကိုလည်းထိန်းညှိပေးနိုင်ပါတယ်။သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောပမာဏကိုပါ ထိန်းညှိပေးနိုင်မှာပါ။ ပုံမှန် လမ်းလျှောက်တြာဖစ်ဖြစ် စက်ဘီးစီးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါနော်။
အိပ်ရေးဝပါစေ – အိပ်ရေးပျက်တဲ့အခါ ပိုစားမိနိုင်ပါတယ်။ ဒီလိုစားမိတာက ကိုယ်အလေးချိန်တက်လာစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုပါ တက်လာစေနိုင်ပါတယ်။ ဒီလိုစားသုံးမိမှုကနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ပြဿနာတွေတော်တော်လေးများပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးဝတာက ကျန်းမာတဲ့ စားသောက်မှုပုံစံကိုရရှိစေနိုင်သလိုသွေးတွင်းသကြားပမာဏကိုလည်းကောင်းမွန်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုကင်းနေအောင်ဂရုစိုက်ပါ – စိတ်ဖိစီးမှု နဲ့ ဆီးချိုက တွဲစပ်မထားသင့်တဲ့အရာတွေပါ။ စိတ်ဖိစီးမှုများလာတဲ့အခါသွေးတွင်းသကြားဓါတ်က အလိုလိုတက်လာတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ တစ်ယောက်တည်း တိတ်ဆိတ်တဲ့နေရာမှာနေတာမျိုး၊ တရားထိုင်တာမျိုး၊ယောဂ ကစားတာမျိုးလုပ်ပေးပါ။
ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ – တစ်နှစ်ကို တစ်ကြိမ်ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ။ တစ်ခုခုခံစားရတဲ့အခါမျိုးမှာ ဆရာဝန်နဲ့သွားရောက်ဆွေးနွေးပြသတာမျိုးလုပ်ပေးပါ။ တစ်လတစ်ကြိမ်သွေးတိုးစစ်ပေးပါ။ ၃ လတစ်ကြိမ် မျက်လုံးစစ်ဆေးပါ။ကျောက်ကပ်စစ်ဆေးမှု၊ နှလုံးစစ်ဆေးမှု နဲ့ အာရုံကြောထိခိုက်မှုတွေရှိ၊မရှိ စစ်ဆေးပေးပါ။ခြေထောက်တွေကိုသေချာစစ်ဆေးပေးပါ။နောက်ဆက်တွဲရောဂါတစ်ခုခုခံစားနေရတဲ့ လက္ခဏာတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းသွားပြပေးပါ။
ဆေးပုံမှန်သောက်ပါ – ဆီးချိုအတွက်ပေးထားတဲ့သောက်ဆေးတွေကို အချိန်မှန်မှန်၊ ပမာဏမှန်မှန်နဲ့သေချာလေးသောက်ပေးပါ။
နေ့တိုင်း အစားအသောက်အနေအထိုင်တွေကိုသေချာဂရုစိုက်လို့ ပုံမှန်စစ်ဆေးမှုတွေလုပ်ပြီး ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဝေဒနာတွေက ကာကွယ်လိုက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။