brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရှိတဲ့အခါ တစ်ခုခုစားမယ်ကြံလိုက်တိုင်း သွေးချိုတက်မလားအဆင်ပြေပါ့မလားဆိုပြီး တွေးတွေးနေရတာကလည်းတစ်လုပ်နော်။ ဒါစားရင်သွေးချိုတက်လိမ့်မယ် မစားနဲ့လို့ မိသားစုဝင်တွေဝိုင်းပြောတာကိုလည်း မကြာခဏခံခဲ့ရမှာပေါ့။ ဒါတွေက တကယ်ပဲလားဆိုတာကို အတူတူအဖြေထုတ်ကြည့်ရအောင်လား…..

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရှိတိုင်း ဘာမှမစားရတော့ဘူးလား………..

ဒီလိုမဟုတ်ပါဘူး။ အတိုင်းအချင့်နဲ့စားလို့ရပါတယ်။ ဘာတွေများဂရုစိုက်ရမလဲ ကြည့်ရအောင်လား။

ဆီးချိုရှိတယ် သစ်သီးမစားရဘူး

ဆီးချိုရှိတယ်ဆိုတာနဲ့ သစ်သီးတွေမစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သစ်သီးမှာ သဘာဝအချိုဓာတ်ပါတာမမှန်ပေမယ့် ဆီးချိုရှိတာနဲ့ အသီးတွေကိုလုံးဝရှောင်ဖို့မလိုပါဘူး။ အချိုအရမ်းကဲတာတွေကိုတော့ အတိုင်းအချင့်နဲ့စားဖို့လိုပါမယ်။

သကြားစားလို့ မဖြစ်ဘူး

ဒါကလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရှိတာနဲ့ သကြားလုံးဝရှောင်စရာမလိုပါဘူး။ လျှော့စားဖို့တော့လိုပါမယ်။ အချိုလုံးဝဖြတ်တာက သွေးတွင်းသကြားဓာတ်ကျဆင်းမှုပြဿနာကို ခံစားရစေနိုင်ပါတယ်။

ဆီးချိုရှိတယ် ကာဗိုဟိုက်ဒရိတ်လုံးဝစားလို့မဖြစ်ဘူး

ဒါကလည်း မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ ပေါင်မုန့်၊ အုတ်ဂျုံ နဲ့ Oatmeal လိုဟာတွေကို လုံးဝမစားတော့တာမျိုးမလုပ်ပါနဲ့။ ဒါတွေက အမျှင်ဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အင်အားတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှော့စားရင်ကိုလုံလောက်ပါပြီ။

ဆေးသောက်ထားတယ် ဘာမဆိုစားလို့ရတယ်

ဆီးချိုရှိလို့ ဆေးသောက်နေတယ်ဆိုတိုင်း စားချင်တာ စားလို့မရပါဘူး။ အကြောင်းကတော့ ဆေးက သွေးချိုကို အတိုင်းအတာတစ်ခုအထိပဲထိန်းသိမ်းနိုင်တာပါ။ ဒါကြောင့် ဆေးသောက်နေတာပဲဆိုပြီး အစားကို စားချင်တိုင်းစားတာမျိုးမလုပ်ပါနဲ့။ အာဟာရပြည့်ဝပြီး သွေးချိုမတက်စေတဲ့ အစားအစာတွေကိုပဲ စားပေးဖို့ပြောပါရစေနော်။

Sugar-free ဆိုအိုကေတယ်

၏စားဖို့တစ်ခုခုဝယ်တိုင်း Sugar-free ဆိုအိုကေပြီလို့ မတွေးလိုက်ပါနဲ့။ Sugar-free ဖြစ်နေရင်တောင်မှ ဒီအစားအစာထဲမှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ကယ်လ်လိုရီတွေများစွာပါဝင်နေနိုင်ပါသေးတယ်။ ဒါကြောင့် သကြားပါဝင်မှုရှိ၊မရှိပြီးရင် အခုပြောခဲ့တဲ့ အချက်လေးတွေကိုပါ စစ်ဆေးကြည့်စေချင်ပါတယ်။ သကြားမပါဘူးဆိုတိုင်း အတိုင်းအဆမရှိ စိတ်ကြိုက်စားလို့ရတယ်လို့ မဆိုသာပါဘူး။

အချိုရည်အစား သစ်သီးဖျော်ရည်သောက်လို့ရတယ်

အချိုရည်တွေသောက်ရင် သွေးချိုတက်လိမ့်မယ် ဒါဆို သစ်သီးဖျော်ရည်လေးတွေတော့သောက်လို့ရမှာပေါ့လို့ တွေးနေလား။ ဒါကလည်း အတိုင်းအတာတစ်ခုလောက်ပဲသောက်လို့ရတာပါ။ အလွန်အကျွံအနေအထားဖြစ်လာရင် သစ်သီးဖျော်ရည်တွေကလည်း သွေးချိုကို မြင့်တက်စေနိုင်တာကြောင့် အတိုင်းအတာတစ်ခုလောက်ပဲ အဆင်ပြေပါတယ်။

ဆီးချိုရှိတယ် အာလူးမစားရဘူး

အာလူးက ကာဗိုဟိုက်ဒရိတ်ပါတယ်ဆိုပေမယ့် လုံးဝရှောင်ဖိုပမလိုပါဘူး။ အတန်အသင့်လောက်တော့ စားလို့ရပါတယ်။ အကောင်းဆုံးကတော့ အာလူကို ကင်စားတာပါ။ အာလူးကို သံလွင်ဆီနဲ့ ကင်ပြီး အရွယ်တော်တစ်လုံးစာလောက်တော့ စားလို့ရပါတယ်။

ကန်စွန်းဥကချိုလို့ စားလို့မရဘူး

ဆီးချိုရှိနေတယ်ဆိုပေမယ့် အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာပါနေတယ်ဆိုတဲ့ ကန်စွန်းဥကို စွန့်လအတ်လိုက်ဖို့မလိုပါဘူး။ အစာခြေစနစ်အားကောင်းစေပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံးစောင့်ရှောက်ပေးတဲ့ ကန်စွန်းဥကို အရွယ်တော်တစ်လု့းလောက်တော့ စားလို့ရပါတယ်။

အချိုပွဲလုံးဝရှောင်ရမယ်

ဒါကတော့ မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ အချိုပွဲတွေကို လုံးဝစွန့်လွှတ်ရမယ် မဆိုပါဘူး။ နည်းနည်းလောက် (အာသာပြေရုံလေး) တော့စားလို့ရပါတယ်။ ရေခဲမုန့်ကို နှစ်ဇွန်းလောက်စားတာမျိုးပေါ့။ စိတ်လွတ်ကိုယ်လွတ်နဲ့ အကြိုက်တော့မစားမိစေနဲ့ပေါ့။

နို့ထွက်ပစ္စည်းတွေ ရှောင်ရမယ်

မလိုပါဘူးနော်။ အခုခေတ်မှာ အဆီထုတ်နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှ ရွေးစရာတစ်ပုံကြီးပါ။ ဒါကြောင့် အဆီထုတ်ထားတ့ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့တွဲစားလို့ရသလို အဆီထုတ်နို့သောက်လို့လည်းရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။