brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

Green tea လက်ဖက်ရည်ကြမ် ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊အသားအရေကို စိုပြည်တောက်ပစေခြင်း၊ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

ဆီးချိုအကြောင်း တစေ့တစောင်း

ကာဘိုဟိုက်ဒရိတ်ဓါတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ အဆိုပါ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓါတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။

ဒီနောက်မှာတော့ ခန္ဓါကိုယ်ကနေ အင်ဆူလင်ဓါတ်ကို ထုတ်လုပ်ပေးပြီး သကြားဓါတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။

ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။ အမှတ် တစ် အမျိုးအစား ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယအင်္ဂါမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းဖျက်ဆီးလိုက်ပါတယ်။

ဒါကြောင့် အင်ဆူလင်တွေလည်း ထွက်မလာနိုင်တော့ပါဘူး။ အမှတ် နှစ်အမျိုးအစား ဆီးချိုမှာတော့ အင်ဆူလင်ဟော်မုန်းတွေကို ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေက ကောင်းမွန်စွာ တုံ့ပြန်ခြင်းမရှိတော့တာပါ။

ဒါကြောင့် သွေးထဲမှာ ရှိတဲ့ သကြားဓါတ်တွေကို အသုံးမပြုနိုင်ဘဲ ဒီတိုင်းထားထားသလို ဖြစ်နေတာမို့ ကြာလာတဲ့အခါ သွေးတွင်းသကြားဓါတ်ပမာဏတွေ မြင့်တက်လာကာ ဆီးချိုရောဂါ ဖြစ်ပွားလာရပါတော့တယ်။

ဆီးချိုရောဂါကို green tea က ဘယ်လိုကာကွယ်ပေးသလဲ။

green tea ဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သလို ဆီးချိုရှိနေပြီဆိုရင်လည်း ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် (အထူးသဖြင့် အမှတ်နှစ်အမျိုးအစား ဆီးချိုကိုပေါ့)။

green tea ဟာ ခန္ဓါကိုယ်ထဲရောက်ရှိလာတဲ့အခါ ရှုပ်ထွေးများပြားတဲ့ ဓါတ်ပြုမှုတွေကို ဖြစ်ပေါ်စေပြီး ရလာဒ်အနေနဲ့ အင်ဆူလင်ကို မတုံ့ပြန်တဲ့ဆဲလ်တွေ ကောင်းမွန်စွာ ပြန်လည်အလုပ်လုပ်လာအောင်၊အင်ဆူလင်ကို တုံ့ပြန်လာအောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓါတ်ပမာဏကို ကျဆင်းလာစေပါတယ်။

ဒါ့အပြင် green tea မှာပါဝင်တဲ့ polyphenols ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်များပြားခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောဓါတ်ကိုလည်း လျှော့ချပေးပါတယ်။

ဒါတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေကို ပိုမိုကျန်းမာကောင်းမွန်စေဖို့ချည်းပဲ ဖြစ်ပါတယ်။

green tea ကို အကျိုးရှိသထက်ရှိအောင် ဘယ်လိုသောက်သုံးမလဲ။

နေ့စဉ်သုံးစွဲသင့်တဲ့ polyphenols ပမာဏက ၂၀၀ – ၁၀၀၀ မီလီဂရမ် ဖြစ်ပြီး လက်ဖက်ရည်တခွက်မှာ polyphenols ၅ မီလီဂရမ်ကနေ ၁၈၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။

green tea ကို သောက်တဲ့အခါ အခြားသော အရာတွေ (ဥပမာ သကြား၊နို့ဆီ၊နို့ စသည်)ကို မထည့်ဘဲ သဘာဝအတိုင်း အသန့်စင်ဆုံးအရသာကို ရရှိအောင် သောက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

လတ်ဆတ်တဲ့ green tea ကို သောက်နိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီလိုမျိုးလတ်လတ်ဆတ်ဆတ်မရနိုင်ဖူးဆိုရင် green tea အမှုန့်ကို သောက်ရင်လည်း အဆင်ပြေပါသေးတယ်။

ဒါပေမယ့် အမှုန့်သောက်ရင်တော့ polyphenols ဓါတ်ကို ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပမာဏအတိုင်းရရှိဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို ရရှိလာဖို့အတွက် ကျွန်တော်တို့ဟာ green tea ဆယ်ခွက်လောက် သောက်ဖို့လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။

(လစ်ပတန် တီး လိုမျိုး) အိတ်ကလေးတွေနဲ့ လုပ်ထားတဲ့ green tea ကိုလည်း ရွေးချယ်သောက်သုံးနိုင်ပြီး ဆီးချိုဝေဒနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက်အိတ်ကလေးတွေကိုပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို လွယ်ကူအဆင်ပြေစွာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။