အမျိုးသမီးတစ်ဦးကကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေစဉ်သွေးတွင်းသကြားဓါတ်ကိုထိန်းထားနိုင်ရင်မွေးရာပါချို့ယွင်းချက်ပါသော ကလေးမွေးနိုင်ချေကိုကျဆင်းစေပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းထားခြင်းကဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလျော့စေတဲ့အပြင်အဲဒီပြဿနာတွေပိုဆိုးမသွားအောင်လည်းကာကွယ်ပေးပါတယ်။

အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေစဉ်မလိုလားအပ်တဲ့ပြဿနာတွေကိုရှောင်နိုင်ဖို့အချက်လေးတွေပြောပြထားပါတယ်။
ကိုယ်ဝန်မဆောင်ခင်ဆရာဝန်ကိုအရင်သွားတွေ့ပါ။ ဆရာဝန်ကသင့်မှာရှိတဲ့ဆီးချိုသွေးချိုအခြေအနေကိုအရင်ကြည့်ပြီးကိုယ်ဝန်ဆောင်သင့်မဆောင်သင့်နဲ့ သွေးတွင်းသကြားဓါတ် ဘယ်လိုထိန်းမလဲဆိုတာတွေဆွေးနွေးပြီးလိုအပ်ရင် ဆေးနည်းပြောင်းပါလိမ့်မယ်။ တကယ်လို့သင်ကအဝလွန်နေရင်ဆရာဝန်ကသင့်သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ဖို့အဆင့်တစ်ခုအနေနဲ့ဝိတ်ချခိုင်းပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်နေစဉ်ဆီးချိုသွေးချိုရှိတဲ့အမျိုးသမီးတစ်ဦးဟာသာမန်အမျိုးသမီးတွေထက်ဆရာဝန်ကိုမကြာခဏတွေ့ဖို့လိုပါတယ်။ သင်နဲ့သင့်ဆရာဝန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်မလိုလားအပ်တဲ့ပြသနာတွေကိုကာကွယ်နိုင်မှာပါ။
ဆီးချိုရှိသူတွေအတွက်စီစဉ်ထားတဲ့ကျန်းမာတဲ့အစားအသောက်တွေကိုသာစားပါ။ အာဟာရကျွမ်းကျင်ပညာရှင်ကသင့်ကိုကျန်းမာတဲ့အစားအစာတွေ ရွေးချယ်နိုင်ဖို့ကူညီပေးပါတယ်။ သူတို့ကသင်ကိုယ်ဝန်ဆောင်နေစဉ်သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့လည်းကူညီပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာကလည်းသင့်သွေးတွင်းသကြားဓါတ်ကိုထိန်းနိုင်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကအစာစားခြင်းကိုဟန်ချက်ညီစေပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းကိုကိုယ်ဝန်မဆောင်ခင် ၊ဆောင်နေစဉ်၊ဆောင်ပြီးလေ့ကျင့်ခန်းမှန်မှန်လုပ်နိုင်ပါမယ်။ တစ်ပတ်ကိုငါးရက်တစ်ရက်အနည်းဆုံးမိနစ်၃၀ လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းတွေကလမ်းအမြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ကလေးတွေနဲ့ကစားခြင်းတွေပါဝင်ပါတယ်။
သင့်ဆရာဝန်ကဘသင့်ကိုဆေးနဲ့ အင်ဆူလင် တွေပေးထားတယ်ဆိုရင် သွေးတွင်းသကြားဓါတ်ထိန်းနိုင်ဖို့ညွှန်ကြားထားတဲ့အတိုင်းသုံးပါ။
ဆီးချိုသွေးချိုကိုထိန်းရင်းကနေတစ်ခါတစ်လေသွေးတွင်းသကြားဓါတ် ကျသွားတတ်ပါတယ်။ သင်က ဆီးချိုကျဆေးနဲ့အင်ဆူလင်သုံးနေရသူဆိုရင်သကြားဓါတ်ပါဝင်တဲ့သကြားလုံး၊ကလူးကိုစ့် ဆေးပြားစတာတွေကိုဆောင်ထားသင့်ပါတယ်။ သင့်မိသားစုဝင်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတကယ်လို့သင် သွေးတွင်းသကြားဓါတ် အဆမတန်ကျသွားခဲ့ရင်ဘာလုပ်ပေးရမလဲဆိုတာပြောပြထားတာကလည်းအကြံကောင်းပါ။
ကိုယ်ဝန်ဆောင်ခြင်းကလူခန္ဓါကိုယ်ရဲ့စွမ်းအင်လိုအပ်မှုကိုပြောင်းလဲစေတဲ့အတွက်သင့်သွေးတွင်းသကြားဓါတ်ကိုလည်းလျင်မြန်စွာပြောင်းလဲစေပါတယ်။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုမကြာခဏစစ်သင့်ပါတယ်။ ထိုရလဒ် အပေါ်မူတည်ပြီးသင်အစားဘယ်လိုစားရမလဲ ၊အင်ဆူလင်ဘယ်လိုသုံးရမလဲဆိုတာသိထားဖိုလည်းအရေးကြီးပါတယ်။ သင့်သွေးတွင်းသကြားဓါတ်ကတက်လိုက်ကျလိုက်လျင်မြန်စွာပြောင်းလဲနိုင်တာသိထားပါ။ သင်ဘာစားလဲ၊ လေ့ကျင့်ခန်းဘယ်လောက်လုပ်လဲစတာတွေအပြင်သင့်ဗိုက်ထဲကကလေးကပါသင့်သွေးတွင်းသကြားဓါတ်ကိုတစ်နေ့အကြိမ်များစွာပြောင်းလဲစေပါတယ်။