သွေးထဲမှာ သကြားဓါတ်ပုံမှန်ထက်မြင့်မားနေတဲ့သူတွေကို ဆီးချိုရောဂါရှိသူတွေလို့ သတ်မှတ်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်တယ်ဆိုတာက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိတာပါ။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ အချိုဓါတ်တွေက သွေးတွင်းသကြားဓါတ်နဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးမှုက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။
ဆီးချိုရောဂါရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ
တကယ်လို့ သင်ဟာဆီးချိုရောဂါခံစားနေရသူဆိုရင် အာဟာရပြည့်ဝအောင်စားသုံးပေးတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံက နေ့စဉ်ဘဝမှာကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကျန်းမာတဲ့စားသောက်မှုပုံစံကို မွေးမြူပေးရင်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကတော့ –
ကျန်းမာရေးကောင်းလာမယ် သွေးတွင်းသကြားဓါတ်ကို ကောင်းကောင်းမွန်မွန် ထိန်းညှိလာနိုင်မယ် သွေးတွင်းအဆီကျစေမယ် သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်မယ် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိထားနိုင်မယ် ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါဆိုးတွေကို ကာကွယ်နိုင်မယ် ကျန်းမာအောင်စားသောက်နေထိုင်တယ်ဆိုတဲ့နေရာမှာလည်း ဆီးချိုသမားမို့လို့ ပိုပြီး အစားရှောင်ရတယ်ဆိုတာမျိုးမရှိပါဘူး။ သာမန်လူတွေကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်နေထိုင်တဲ့အတိုင်း စားသောက်နေထိုင်ရင်ကိုရပါပြီ။
ဆီးချိုသမားတွေအနေနဲ့ ဘယ်လို အစားအစာတွေကို စားသုံးလို့ရလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ် – စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓါကိုယ်က ချေဖျက်တဲ့အခါ စားသုံးလိုက်တဲ့ အစားအစာထဲမှာပါတဲ့ အချိုဓါတ်တွေနဲ့ကစီဓါတ်တွေက သွေးတွင်းသကြားဓါတ်အဖြစ်ပြောင်းလဲသွားပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ ပဲအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကနေ ရရှိတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို များများစားပေးပါ။
အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတေွ – အစာအိမ်အူလမ်းကြောင်းတွေကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓါတ်လုံလောက်မျှတစွာပါဝင်နေဖို့လိုအပ်ပါတယ်။ အမျှင်ဓါတ်က အစာခြေစနစ်ကို ထောက်ပံ့ပေးသလို သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပေးပါသေးတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီးတွေ၊ ပဲတောင့်ရှည်၊ ပဲနီလေးနဲ့ ပဲအမျိုးမျိုး ပါဝင်အောင်စားသုံးပေးပါ။ ပေါင်မုန့်အညိုနဲ့ အုတ်ဂျုံပေါင်မုန့်တွေကိုလည်း စားသုံးပေးလို့ရပါတယ်။
နှလုံးကျန်းမာစေနိုင်တဲ့ ငါး – ငါးက အဆီများတဲ့ အသားတွေထက် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ငါးစားပေးပါ။ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာ၊ မက်ကာရယ်၊ ဆယ်လ်မွန်လိုမျိုး Omega – 3 Fatty Acid ပါတဲ့ ငါးတွေကို စားသုံးပေးပါ။ ဒီလိုစားသုံးပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ သတိထားရမှာတစ်ချက်ကတော့ မာကျူရီဓါတ်ပါဝင်မှုများတဲ့ ငါးတွေကို ကြော်စားတာမျိုး မလုပ်မိစေဖို့ပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ – အစားအစာတွေထဲမှာပါဝင်တဲ့ monounsaturated နဲ့ polyunsaturated fat တွေက သွေးတွင်းကိုလက်စထရောကျအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ထောပတ်သီး၊ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ သံလွင်ဆီနဲ့ ပဲဆီစစ်စစ်တို့စားသုံးပေးပါ။ အဆီတိုင်းမှာ ကယ်လ်လိုရီပါဝင်နေနိုင်တာကြောင့် အဆီကို အလွန်အကျွံစားသုံးမိတာမျိုး မဖြစ်အောင်သတိထားပေးပါ။
ပရိုတင်း – ပရိုတင်းကို များသောအားဖြင့် အသားတွေမှာ တွေ့ရတာများပါတယ်။ အနီရောင်အသားတွေ၊ ကြက်သား၊ ဘဲသား၊ ငါး၊နို့ထွက်ပစ္စည်းတွေ။ ပဲအမျိုးမျိုး၊ အသီးအရွက်တွေကနေ ပရိုတင်းကိုရရှိနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အခါ ကြက်သား၊ ငါးတို့ ပါဝင်အောင်စားသုံးပေးပါ။ အနီရောင်အသားတွေကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲစားသုံးပေးပါ။ အသားတွေစားတဲ့အခါ အရေပြားတွေကို မစားမိအောင်သတိထားပါ။ အဆီတွေကိုလည်းမစားပါနဲ့။ နို့ထွက်ပစ္စည်းတွေစားသုံးတဲ့အခါမှာလည်း အဆီထုတ်ထားတာ ဒါမှမဟုတ် အဆီပါဝင်မှုနည်းတာမျိုးတွေကိုရွေးချယ်စားသုံးပေးပါ။
Whey protein – Whey protein ဆိုတာက ပရိုတင်း (အသားဓါတ်)တစ်မျိုးဖြစ်ပြီး နို့ကနေထုတ်ယူထားပါတယ်။ Whey protein က ကျန်းမာတဲ့ပရိုတင်းဓါတ်ဖြစ်တာကြောင့် ခန္ဓါကိုယ်ကြွက်သားတွေတည်ဆောက်ဖို့နဲ့ မဆုံးရှုံးဖို့ကိုအဓိက ကူညီပေးနိုင်တာအပြင် ဆီးချိုသမားတွေမှာဆိုရင် အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေးလို့ သွေးတွင်းသကြားဓါတ်ကိုထိန်းပေးနိုင်တယ်။ နှလုံးကြွက်သားအလုပ်လုပ်မှုကို အားပေးတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းတယ်။ အစာခဏခဏမဆာနေအောင်လုပ်ပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန်ထိန်းညှိနိုင်တယ်။ သကြားဓါတ်အဖြစ်ကို ပြောင်းလဲသွားတဲ့နှုန်းကလည်း နှေးကွေးတဲ့အတွက်ဆီးချိုတွေအလွန်အမင်းတက်တာမဖြစ်တော့ဘူး။ ဒါတွေက Whey protein ရဲ့ ဆီးချိုသမားတွေအတွက်ကောင်းကျိုးတွေပါ။
ဆီးချိုရောဂါရှိရင် ဒါတွေကိုရှောင်ပါ
ကိုလက်စထရော – အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ ကြက်ဥအနှစ်၊ အသည်း နဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ တစ်နေ့ကို ကိုလက်စထရောပမာဏ ၂၀၀ မီလီဂရမ် ထက်ပိုမစားပါနဲ့။
ဆိုဒီယမ် – နားလည်လွယ်အောင်ပြောပြရရင် အငန်ဓါတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်ပါနဲ့။ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။
ပြည့်ဝဆီ – အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ အမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။
Trans fats – ဒီအဆီတွေကို အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေ ကို အများကြီးမစားပါနဲ့။
နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ဆီးချိုရောဂါရှိပေမယ့်လည်း လူတန်းစေ့ကျန်းမာအောင် နေနိုင်မှာပါ။ ဒါကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို သင့်တင့်မျှတစွာ စားသုံးရင်း ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပျိုးထောင်နိုင်ကြပါစေလို့ တိုက်တွန်းအပ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။