အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။
ဘယ်သူတွေမှာဖြစ်မှာလဲ။
အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ
- GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
- စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)
- ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
- အဝလွန်တာ
- အရက်သောက်တာ
- သည်းခြေရည်ပြန်တက်တာ
- Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
- အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
- အသီးအရွက်အစားနည်းတာ
- ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ
ဘာလက္ခဏာတွေပြမှာလဲ။
အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့
- အစာမျိုရခက်ပါမယ်။
စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။
- စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
- အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
- ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
- တဖြည်းဖြည်းပိန်လာပါမယ်။
- အန်ပါမယ်။
- ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
- ချောင်းဆိုးမယ်။
- အသံပြောင်းလာမယ်။
- သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။
နောက်ဆက်တွဲဘာဖြစ်မှာလဲ။
- အစာရေမျိုပြွန်ပိတ်တာ
ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။
- ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
- တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
- ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။
ကုသနည်းများ
ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။
- ခွဲစိတ်နည်း
- ဓာတ်ရောင်ခြည်ပြနည်း
- ဆေးသွင်းနည်း
- Targeted therapy
- Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။
ကာကွယ်နည်းများ
အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
- အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
- အသီးအရွက်များများစားပါ။
- အဝမလွန်အောင်ထိန်းပါ။

















