brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

အစာရေမျိုပြွန် ကင်ဆာ

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ

  • GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
  • စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)
  • ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
  • အဝလွန်တာ
  • အရက်သောက်တာ
  • သည်းခြေရည်ပြန်တက်တာ
  • Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာ‌‌‌တွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
  • အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
  • အသီးအရွက်အစားနည်းတာ
  • ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ
  • ဘာလက္ခဏာတွေပြမှာလဲ။

    အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

    • အစာမျိုရခက်ပါမယ်။

    စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

    • စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
    • အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
    • ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
    • တဖြည်းဖြည်းပိန်လာပါမယ်။
    • အန်ပါမယ်။
    • ​ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
    • ချောင်းဆိုးမယ်။
    • အသံပြောင်းလာမယ်။
    • ​သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

    နောက်ဆက်တွဲဘာဖြစ်မှာလဲ။

    • အစာရေမျိုပြွန်ပိတ်တာ

    ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

    • ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
    • တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
    • ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

    ကုသနည်းများ

    ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။

    • ခွဲစိတ်နည်း
    • ဓာတ်ရောင်ခြည်ပြနည်း
    • ဆေးသွင်းနည်း
    • Targeted therapy
    • Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

    ကာကွယ်နည်းများ

    အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

    • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
    • အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
    • အသီးအရွက်များများစားပါ။
    • အဝမလွန်အောင်ထိန်းပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/08/2020 ဖြစ်ပါသည်။