brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းကင်ဆာသမားများ ရှောင်ရမည့် ဆေးဝါးများ

အသည်းရဲ့ အဓိကလုပ်ငန်းဆောင်တာ တစ်ခုကတော့ လူတွေ ပါးစပ်နဲ့သောက်လိုက်တဲ့ ဆေးတွေ၊ ဆေးဖက်ဝင်အပင် တွေနဲ့ ဖြည့်စွက်စာတွေကို ချေဖျက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အသည်းဟာ ရောဂါတစ်ခုခု (သို့) ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ပျက်စီးသွားမယ်ဆိုရင်တော့ ဆေး၊ ဆေးဖက်ဝင်အပင် ဖြည့်စွက်စာတွေကို သောက်ဖို့ ကန့်သတ်ချက်တွေ ရှိရမှာ ဖြစ်ပါတယ်။

အသည်းကင်ဆာသမားများ ရှောင်ရမည့် ဆေးဝါးများ

Paracetamol (acetaminophen)

အသည်းကို ထိခိုက်စေတဲ့ လူသိများတဲ့ ဆေးတစ်မျိုးကတော့ Tylenol လို့ခေါ်တဲ့ acetaminophen ပဲ ဖြစ်ပါတယ်။ ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်မလိုပဲ အလွယ်တကူ ဝယ်နိုင်ပြီး တုပ်ကွေးနဲ့ ဖျားနာခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒီဆေးကို ဆေးဆိုင်တွေနဲ့ နာကျင်မှု သက်သာစေတဲ့ ဆေးအရောင်းဆိုင်တွေမှာ တွေ့ရပါတယ်။ နာကျင်မှုသက်သာစေတဲ့ ဆေးအများစုကို “non-aspirin” လို့ခေါ်ပြီး သူတို့မှာ acetaminophen ကို အဓိက ပါဝင်ပစ္စည်းအဖြစ် ပါဝင်ပါတယ်။

Acetaminophen ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးတဲ့အခါမှာ အသည်းရောဂါရှိသူတွေအတွက်တောင် အလွန်စိတ်ချရပါတယ်။ ဒါပေမယ့် acetaminophen အများကြီးကို တစ်ချိန်တည်းမှာသောက်ရင် (သို့) ပမာဏအများကြီးကို ဆက်တိုက်ရက်ပေါင်းများစွာ သောက်ရင်တော့ အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ကျန်းမာတဲ့ လူတွေဟာ acetaminophen ကို တစ်ခါသောက်ရင် 1000 mg ထက်ပိုပြီး မသောက်သင့်ပါဘူး။ တစ်နေ့မှာ 3000 mg ထက်ပိုပြီး (1000mg တစ်နေ့သုံးကြိမ်) မသောက်သင့်ပါဘူး။ ကျန်းမာတဲ့ သူတွေဟာ 3000 mg acetaminophen ကို ၃ ရက်ကနေ ၅ ရက်ထက်ပိုပြီး သောက်သုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

အသည်းရောဂါရှိတဲ့ လူနာတွေဟာ acetaminophen နေ့စဉ်သောက်တဲ့ ပမာဏကို ကန့်သတ်သင့်ပြီး 2000mg/ day (သို့) အသည်းရောဂါပြင်းထန်ရင် ဒီထက်နည်းနည်းသာ သောက်သင့်ပါတယ်။ သင့်မှာ အသည်းရောဂါ မရှိဘူးဆိုရင်တောင် acetaminophen အနည်းဆုံး ပမာဏကို ရောဂါသက်သာစေဖို့ အသုံးပြုသင့်ပါတယ်။ သင်သောက်နေတဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးရော၊ မညွှန်ကြားတဲ့ဆေးတွေရဲ့ အညွန်းတွေကို သေချာစွာ ဖတ်သင့်ပါတယ်။ များသောအားဖြင့် acetaminophen ဟာ ဆေးအများကြီးထဲမှာ ပါဝင်ပြီး acetaminophen ပမာဏ တစ်ခုကို သောက်သုံးခြင်းဟာ စိတ်ချရတဲ့ ပမာဏ ကို ကျော်လွန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

ကိုလက်စထရော ကျစေတဲ့ ဆေးများ

အသည်းစစ်ဆေးမှုကို သက်ရောက်မှုရှိတဲ့ ဆေးတွေကတော့ ကိုလက်စထရောကျစေတဲ့ ဆေးတွေဖြစ်ပြီး သူတို့ကို statins လို့ ခေါ်ကြပါတယ်။ သူတို့ဟာ ကိုလက်စထရော ကျစေတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဆေးတွေ သောက်ပြီးမကြာခင်မှာ အသည်းစစ်ဆေးမှုတွေမှာ အင်ဇိုင်းတွေ အနည်းငယ်တက်နေခြင်းကို လူအချို့မှာ တွေ့ရတတ်ပါတယ်။ အခြေအနေ အတော်များများမှာတော့ ဒီလိုတက်ခြင်းဟာ ပုံမှန်ပမာဏထက် သုံးဆလောက်များပြီး ဆေးကို ဆက်သောက်မယ်ဆိုရင် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ မကြာသေးမီက FDA က statins စသောက်နေတဲ့ လူနာတွေမှာ အသည်းစစ်ဆေးမှုကို ပုံမှန်အတိုင်းစစ်ဆေးရမယ်ဆိုတဲ့ အကြံပေးချက်ကို ဖြုတ်ချခဲ့ပါတယ်။ တကယ်လို့ အသည်းစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင် အသည်းအင်ဇိုင်းတွေ အနည်းငယ်တက်ခြင်းကို တွေ့ရှိမယ်ဆိုရင်တောင် ဆေးကို မရပ်သင့်ပါဘူး။

ဖြည့်စွက်စာတွေနဲ့ ဆေးဖက်ဝင်အပင် တွေ

ဖြည့်စွက်စာတွေနဲ့ ဆေးဖက်ဝင် အပင်တွေဟာ သဘာဝထုတ်ကုန်တွေ ဖြစ်သော်ငြား အသည်းကို ထိခိုက်စေပါတယ်။ ဒီဖြည့်စွက်စာတွေရဲ့ ထုတ်လုပ်ဖြန့်ဝေခြင်းကို ဆရာဝန်ညွှန်းတဲ့ ဆေးတွေ ထုတ်လုပ်ခြင်းလောက် ကြပ်မတ်ခြင်း မရှိပါဘူး။ သဘာဝ ထုတ်ကုန်တွေဟာ ဈေးအတွင်းမှာ စစ်ဆေးမှုမရှိပဲ အာနိသင် သက်သေမရှိပဲ အလွယ်တကူ ဝယ်ယူရနိုင်ပါတယ်။ တခါတရံမှာ ဆေးဖက်ဝင်အပင် သို့ ဖြည့်စွက်စာ ကိုယ်တိုင်ကိုက အသည်းကို ပျက်စီးစေနိုင်ပါတယ်။ အခြားအခြေအနေတွေမှာတော့ အဆိပ်အတောက်တွေဟာ ဒီထုတ်ကုန်တွေ ပြင်ဆင်စဉ် ထွက်လာပြီး အသည်းကို ထိခိုက်စေပါတယ်။ အသည်းကို အဆိပ်သင့်စေတဲ့ သဘာဝထုတ်ကုန်တွေကတော့ chaparral၊ comfrey tea၊ kava၊ skullcap၊ Yohimbe နဲ့ အခြား ဆေးဖက်ဝင်အပင် တွေ ပါဝင်ပါတယ်။ ဗီတာမင်ဖြည့်စွက်စာတွေနဲ့ အာဟာရဖြည့်စွက်စာတွေ (ဥပမာ ဝိတ်ကျဆေး) ဟာ အသည်းကို ထိခိုက်စေပါတယ်။ သံဓါတ်များလွန်ခြင်း (သို့) ဗီတာမင်အေ များလွန်းခြင်းတွေဟာလည်း အသည်းပျက်စီးစေပါတယ်။ ယေဘုယျပြောမယ်ဆိုရင် သံဓါတ်အားနည်းခြင်း မရှိမချင်း သံဓါတ်အားဆေးတွေကို မသောက်သင့်ပါဘူး။ ဗီတာမင်အေ ပမာဏကို ဘီတာကယ်ရိုတင်း အဖြစ်မဟုတ်ရင် တစ်နေ့မှာ 5000 units ထက်မပိုသင့်ပါဘူး။

သင့်မှာ ရောဂါ (သို့) ကျန်းမာရေးအခြေအနေ တစ်ခုခု ရှိမယ်ဆိုရင် စားသောက်ပုံဟာ အလွန်အရေးကြီးပါတယ်။ သင့်မှာ မေးစရာမေးခွန်းတွေ ရှိမယ်ဆိုရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by phyu mon latt

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2022 ဖြစ်ပါသည်။