brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင် နဲ့ ရင်သားကင်ဆာ စစ်ဆေးမှုနည်းလမ်းများ

သင်ကိုယ်ဝန်ရှိတဲ့ အခါမှာ ရင်သားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရင်သားဟာ နှစ်ဆလောက်ကြီးလာပြီး မာလာကာ လေးလံလာနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ ရင်သားကင်ဆာကို တွေ့ရှိဖို့ ခက်ခဲစေပါတယ်။ သင့်ကလေးကို ထိခိုက်မှာ စိုးတာကြောင့် စစ်ဆေးမှုတွေ မပြုလုပ်ခြင်းဟာလည်း ရောဂါစောစော တွေ့ရှိမှုကိုလည်း ကန့်သတ်ထားပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ရင်သားကင်ဆာ စစ်ဆေးမှုနည်းလမ်းများ

ကိုယ်ဝန်ရှိစဉ် အဖြစ်များတဲ့ ရင်သားကင်ဆာ လက္ခဏာများ

ရင်သားမှာ ရှိတဲ့ အကျိတ်အများစုဟာ ကင်ဆာ မဟုတ်ပေမယ့်လည်း ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်လာတဲ့ ရင်သားကင်ဆာကတော့ အကျိတ်အနေနဲ့ ဖြစ်ပေါ်ပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ သံသယ ဖြစ်ဖွယ်အကျိတ်အကြောင်းကိုပြောပြသင့်ပါတယ်။ ဆရာဝန်ဟာ သေချာနားထောင်ပြီး ရင်သားကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

သင်ကလေးမွေးပြီး (သို့) ကလေးနို့တိုက်တာ ရပ်တဲ့အထိ မစောင့်သင့်ပါဘူး။ စောစီးစွာတွေ့ရှိခြင်းဟာ ရင်သားကင်ဆာကို ပိုမို ထိရောက်စွာ ကုသဖို့ အခွင့်အလမ်း ပိုပေးနိုင်ပါတယ်။ ကလေးကို မထိခိုက်စေမယ့် ကုသနည်းတွေကို ဆရာဝန်က စီစဉ်ပေးမှာကြောင့် စိတ်မပူသင့်ပါဘူး။

Mammogram

Mammogram မှာ X-rays အနည်းငယ်ကို ရင်သားအတွင်းပိုင်းရဲ့ ပုံရိပ်ကို သိရှိနိုင်ဖို့ အသုံးပြုပါတယ်။ ဒီ rays တွေဟာ သင့်ရင်သားပေါ်ကိုသာ ရိုက်တာ ဖြစ်ပါတယ်။ အတော်များများဟာ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို မရောက်ရှိတာကြောင့် mammogram ဟာ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် စိတ်ချရပါတယ်။ သင့်ရင်သားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တွေ့ရတယ်ဆိုရင် mammogram ရိုက်ခိုင်းနိုင်ပါတယ်။

• ရင်သားအကျိတ်

• နို့သီးခေါင်းက သွေးထွက်ခြင်း (သို့) ပုံမှန် မဟုတ်တဲ့ အရည်ထွက်ခြင်း

• ရင်သားတွေပေါ်က အရေပြား ပြောင်းလဲခြင်း

• အခြားပုံမှန် မဟုတ်တဲ့ လက္ခဏာများ

ဘာလက္ခဏာမှာ မရှိရင် သင့်ကို mammogram ရိုက်ခိုင်းမှာ မဟုတ်ပါဘူး။

Breast Ultrasound

Breast Ultrasound မှာတော့ အထူးပြုလုပ်ထားတဲ့ waves တွေကို အသုံးပြုပြီး ဆရာဝန်ဟာ ရင်သားအတွင်းပိုင်းကို ကြည့်ရှုတာ ဖြစ်ပါတယ်။ Breast Ultrasound ကို mammogram မတိုင်ခင် အသုံးပြုပါတယ်။

Breast Ultrasound ဟာ အကျိတ်ဟာ အခဲ (သို့) အရည်ပြည့်နေလားဆိုတာကို ဆရာဝန်ကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာ အကျိတ်ဟုတ်လား မဟုတ်လားဆိုတာတော့ ပြောနိုင်ခြင်း မရှိပါဘူး။

သင့်ရင်သားဟာ ခဲနေပြီး mammogram က ရင်သားအတွင်းပိုင်းကို သေချာ မမြင်ရဘူးဆိုရင် Breast Ultrasound ရိုက်ခိုင်းမှာ ဖြစ်ပါတယ်။ ဒီ စစ်ဆေးမှုဟာ သင့်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ Breast Ultrasound ရိုက်ပြီးသွားရင် စား၊ သောက်ပြီး အိမ်ပြန်နိုင်ပါတယ်။

အသားစယူခြင်း

သင့်ရင်သားမှာ ပုံမှန်မဟုတ်တဲ့ နေရာတွေ ရှိပြီး အဲဒီနေရာတွေကို mammogram နဲ့ Breast Ultrasound မှာ မြင်ရတယ်ဆိုရင် အသားစ ယူဖို့ ညွှန်ကြားနိုင်ပါတယ်။ ဆရာဝန်ဟာ ရင်သားတစ်ရှူးတွေကို အသားစယူပြီး မှန်ပြောင်းအောက်မှာ ကြည့်မှာ ဖြစ်ပါတယ်။ သူတို့ဟာ vacuum assisted probe (vacuum assisted biopsy), a small cutter device (punch biopsy), or a needle (needle biopsy) တွေကို အသုံးပြုနိုင်ပါတယ်။

အသားစ ယူခြင်းကို ပြင်ပလူနာဌာနမှာပဲ ပြုလုပ်နိုင်ပါတယ်။ ပြီးသွားရင် အင်္ကျီလဲပြီး အိမ်ပြန်နိုင်ပါတယ်။ ဆရာဝန်က ထုတ်ယူမယ့်နေရာကို ထုံဆေးပေးနိုင်ပါတယ်။ ဒီထုံဆေးဟာလည်း ကလေးအတွက် စိတ်ချရပါတယ်။

Needle biopsy ဟာ သင့်ကလေးကို နို့တိုက်နေရင် စိတ်ချရပါတယ်။ Punch biopsy ဟာ ရောဂါပိုး ဝင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ မိခင် နို့ရည်ဟာ ရောဂါဖြစ်တဲ့နေရာကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းလမ်းရွေးချယ်သင့်ပါတယ်။

MRI

ရင်သားအကျိတ်ဟာ ကင်ဆာနဲ့တူရင် MRI နဲ့ စစ်ဆေးနိုင်ပါတယ်။ MRI ကို ကိုယ်ဝန်ရှိချိန်မှာ အသုံးပြုတာ ပြဿနာမရှိဘူးလို့ လေ့လာမှု အတော်များများက ပြောထားပေမယ့် စစ်ဆေးမှုရဲ့ လုံခြုံစိတ်ချမှုကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။ ဒါကြောင့် MRI ရိုက်မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းတွေဟာ ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ဖြစ်ခြင်းကို သိရှိဖို့အတွက် ကူညီပေးနိုင်တဲ့ ထိရောက်ပြီး လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကလေးအတွက်လည်း လုံခြုံမှု ရှိပါတယ်။ ဒါကြောင့် ရင်သားထဲမှာ ပုံမှန် မဟုတ်တဲ့ ပြောင်းလဲမှုတွေကို တွေ့ရှိရင် သွားရောက်စစ်ဆေးသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။