brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

အချိန်ရှိခိုက် လုံ့လစိုက်ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ်ကြိုးစားကြတာ တကယ်အကျိုးရှိပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းတာကြောင့် ကျန်းမာရေးမှာတော့ အနုတ်လက္ခဏာမပြအောင် ဂရုစိုက်သင့်ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေကပြောနေပါပြီ၊ အလုပ်လုပ်ချိန်အရမ်းများတာကလေဖြတ်နိုင်ခြေပိုများပါတယ်လို့။

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော်အလုပ်လုပ်ခဲ့တဲ့သူတွေဟာလေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ပိုများတယ်လို့Stroke ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလိုနှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ်ကျော်ပြီဆိုရင်တော့လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်တယ်လို့ သိရပါတယ်။

” ၁၀ နှစ်ကြာ အလုပ်ချိန်များခဲ့တာနဲ့လေဖြတ်အန္တရာယ်ဆက်နွှယ်မှုက အသက် ၅၀အောက်အရွယ်တွေမှာ ပိုသိသာပါတယ်” လို့Paris Hospital, Versailles and Angers University မှ သုတေသီAlexis Descatha ကပြောပါတယ်။

သုတေသနမှာ အသက် ၁၈ နှစ်ကနေ ၆၉ နှစ်အတွင်းပြင်သစ်လူမျိုး ၁၄၃၀၀၀ကျော်ရဲ့အချက်အလက်တွေကို စုဆောင်းခဲ့တာပါ။ အဲဒီအချက်အလက်တွေထဲမှာ ပါဝင်သူတွေရဲ့နှလုံးသွေးကြောကျန်းမာရေးနဲ့လေဖြတ်ခြင်း ကျန်းမာရေးရာဇဝင်၊ဆေးလိပ်သောက်ခြင်း၊ အလုပ်ချိန်တွေပါဝင်ပါတယ်။

အားလုံးထဲမှာမှ လူဦးရေ ၁၂၂၄ ဦးကလေဖြတ်ဝေဒနာခံစားခဲ့ရတာတွေ့ရပါတယ်။ ဒီလေ့လာမှုမှာ အချိန်ပိုင်းအလုပ်သမားတွေ၊ အလုပ်ချိန်မများခင်ကလေဖြတ်ဖူးသူတွေ မပါဝင်ပါဘူး။

ဒီလေ့လာမှုက အလုပ်ချိန်များခြင်းနဲ့နှလုံးသွေးကြောရောဂါအန္တရာယ် ဆက်နွှယ်မှုကို The Lancet မှာဖော်ပြခဲ့တဲ့ ၂၀၁၅ ခုနှစ်သုတေသနတစ်ခုနဲ့ ကိုက်ညှိပြီးလုပ်ဆောင်ခဲ့တာပါ။ အဲဒီသုတေသနက အလုပ်ချိန်ကြာရှည်ခြင်းကနေဖြစ်လာတဲ့ စိတ်ဖိစီးမှုအပြင် တခြားကျန်းမာရေးပြဿနာတွေ၊ အရက်သောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှားမှုတို့အားလုံးကလေဖြတ်အန္တရာယ်ပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

” ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ဝန်ဆောင်မှုပေးတဲ့သူတွေက အလုပ်ချိန်အကြာကြီးတွေလုပ်ကြရပြီးလေဖြတ်အန္တရာယ်ပိုများတာကိုလည်း ဦးစားပေးသတိပေးချင်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာက ဘယ်သူမဆို ကိုယ့်အလုပ်ကို ကြိုးစားတာကောင်းပေမယ့် စနစ်တကျအချိန်ဇယားဆွဲပြီး အလုပ်လုပ်သင့်တယ်ဆိုတာပါပဲ” လို့Descatha ကပြောပါတယ်။

အလုပ်ထဲမှာပဲ တရားလွန် မြှုပ်နှံပြီး အချိန်တွေအကုန်ပေးဆပ်ထားတာက ကိုယ့်ကျန်းမာရေးနဲ့ အလဲအလှယ်ပြုလုပ်နေတာပဲဆိုတာကို သတိရပါ။ လုပ်သင့်သလောက်လုပ်ပါ၊ သို့သော် စိတ်နဲ့ခန္ဓါကို အနားယူချိန်ပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။