brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။

– တစ်နေရာပဲကွက်ပြီး အတက်ရောဂါ

– တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ

တစ်နေရာပဲကွက်ပြီး အတက်ရောဂါ

တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။

တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။

ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက်

– လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။

– အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း

– ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း

– ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို စူးခနဲခံစားရခြင်း

– ရုတ်တရက် ကြောက်လန့်သလို ပျော်သလို ခံစားရခြင်း

– ကိုယ်ခန္ဓာအစိတ်အပိုင်း ဥပမာ-ခြေ၊လက်စသည်တို့ တောင့်တင်းခြင်း

ရှုပ်ထွေးတဲ့ တစ်နေရာပဲကွက်ပြီးတက်တဲ့ အတက်ရောဂါ

ဒီအခြေအနေဟာ သင်အာရုံလွတ်သွားတဲ့ အထိတက်သွားနိုင်တယ်။ အတက်ကျပြီးနောက် တက်တာကို မမှတ်မိတတ်ဘူး။ ဒီအတက်ရောဂါရဲ့ လက္ခဏာတွေက ထူးဆန်းတဲ့ အမူအရာတွေပြတတ်တယ်။ ဥပမာ-

နှုတ်ခမ်းကို တပြတ်ပြတ် အသံမြည်အောင်လုပ်ခြင်း

– လက်တွေကိုပွတ်သပ်ခြင်း

– ရုတ်တရက် ဆူဆူညံညံလုပ်ခြင်း

– လက်ဝှေ့ယမ်းခြင်း

– အဝတ်အစားတွေ ဆွဲချွတ်ခြင်း

– ပစ္စည်းတွေကို နေရာရွှေ့ခြင်း

– ပုံမှန်မဟုတ်တဲ့ ကိုယ်ဟန်တွေလုပ်ခြင်း

– ဝါးခြင်း၊ မြိုချခြင်း

တစ်ကိုယ်လုံးတက်တဲ့ အတက်ရောဂါ

ဒီအတက်ရောဂါအမျိုးအစား ၆မျိုးရှိပါတယ်။

– Absences

ဒီအတက်ရောဂါရတဲ့လူဟာ ပတ်ဝန်းကျင်ကို သတိမပြုမိတော့တာမျိုးဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် ၁၅မိနစ်လောက်ကြာတတ်တယ်။ တခြားလူတွေက မျက်တောက်တွေခတ်၊ ပါးစပ်က အသံတွေထွက်နေပေမယ့် ဒီလူဟာ တနေရာရာကို စူးစိုက်ပြီး ကြည့်နေတတ်တယ်။ သူဟာ တက်တာကို လုံးဝမမှတ်မိတတ်ဘူး။

– Myoclonic seizures

ဒီအတက်ရောဂါက သင့်ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဓာတ်လိုက်သလို တုန်ခါစေပါတယ်။ တစ်ခါတစ်လေ ၁စက္ကန့်၊ ၂စက္ကန့်သာကြာတတ်ပါတယ်။ ပုံမှန်ဆိုလျှင် ဒီအခြေအနေမှာ သတိကောင်းနေ တတ်ပါတယ်။

ဒီအတက်ရောဂါက မနက်နိုးပြီး နာရီအနည်းငယ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ တစ်ကိုယ်လုံးတက်တဲ့ အတက်ရောဂါနဲ့လည်း တွဲပြီးတွေ့ရတတ်ပါတယ်။

– Clonic seizures

ဒီအတက်ရောဂါက အပေါ်က myoclonic jeck နဲ့တူသော်လည်း ဒါက ပုံမှန်အားဖြင့် ၂မိနစ်လောက်အထိ ကြာတတ်ပါတယ်။ တက်နေစဉ်မှာ သတိလစ်နေတတ်ပါတယ်။

– Atonic seizures

ဒီအတက်ရောဂါဖြစ်လျှင် ကြွက်သားတွေ ရုတ်တရက် ပျော့ခွေသွားပြီး သင်ဟာ မြေပြင်ပေါ်ကျခြင်း၊ဒဏ်ရာရခြင်း ဖြစ်တတ်ပါတယ်။

– Tonic seizures

ဒီအတက်ရောဂါရလျှင် ကြွက်သားတွေ ရုတ်တရက်တောင့်တင်းသွားပါတယ်။ သင်ဟာ ကိုယ့်ကို ထိန်းချုပ်ဖို့ခက်ပြီး လဲကျနိုင်ပါတယ်။ အပေါ်က အတက်ရောဂါလိုပဲ ဒီဟာကလည်း ဒဏ်ရာရစေနိုင်ပါတယ်။

– Tonic-clonic seizures

ဒီအတက်ရောဂါကို Grand Mal လို့ခေါ်ကြပြီး အဆင့် ၂ဆင့် ပါဝင်ပါတယ်။ သင့်ကိုယ်ခန္ဓာဟာ ရုတ်တရက်တောင့်တင်းပြီး လက်တွေ၊ခြေတွေက ရုတ်တရက် တဆက်ဆက်တုန်နိုင်ပါတယ်။ ဒီအတက်ရောဂါဟာ မိနစ်အနည်းငယ်သာ ကြာနိုင်သလို ဒီထက်ပိုကြာတာလည်း ဖြစ်နိုင်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 01/06/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။