
လက်တွေတုန်နေရင် “ဘာလဲ၊ မသောက်ရသေးလို့လား” ဆိုပြီး ခင်မင်သူတွေကြား အစအနောက်ခံရတတ်တယ်။ရေလေးငှဲ့လိုက်လည်း တုန်ပြီးဖိတ်၊ အာရုံစိုက်ပြီးငြိမ်အောင်လုပ်ရင် လက်ကပိုတုန်၊ လုံးချာလည်ကိုရိုက်နေရော။သောက်တတ်သူတွေရေချိန်မကိုက်ရင်၊သောက်နေကျအချိန်မသောက်ရင် တုန်တုန်ရီရီဖြစ်တတ်တာဆိုပေမယ့် ကိုယ့်မှာက အမြဲလက်တုန်နေတာ။ ဘယ်အကြောင်းရင်းတွေကြောင့် လက်တုန်ရတာလဲဖြစ်နိုင်ခြေလေးတွေ ဆက်ပြီးဖတ်ကြည့်နော်။
Essential Tremor လို့ခေါ်တဲ့ အာရုံကြောပြဿနာက အဖြစ်များဆုံးပါ။ကော်ဖီခွက်လေးကိုင်ရင်တောင် လှုပ်ခါနေတာမျိုး။ငြိမ်နေရင်အကောင်းကနေ လှုပ်ရှားမယ်ကြံမှ လက်ကမငြိမ်တော့တာပါ။ အကြောင်းရင်းအတိအကျမရှိပေမယ့် တချို့မှာတော့ မျိုးဗီဇနဲ့ဆိုင်တယ်လို့တွေ့ရပါတယ်။တော်တန်ရုံလောက်ကပြဿနာမရှိလို့ဆေးကုသဖို့မလိုလောက်ပါဘူး။နေ့စဉ်အလုပ်တွေမှာ ထိခိုက်လာရင်တော့ ကုသမှုခံယူဖို့လိုလာနိုင်ပါတယ်။
ပါကင်ဆန်ရောဂါရှိသူတွေမှာ ကြွက်သားတွေကိုလှုပ်ရှားဖို့သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာနဲ့အမျှနောက်တစ်ဖက်မှာပါဖြစ်လာတော့တယ်။ လှုပ်ရှားမှုတွေနှေးလာနိုင်သလို ဟန်ချက်ညီအောင်ထိန်းဖို့လည်းခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ခြေထောက်တွေတောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာဆိုရင်တော့သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှုလိုအပ်လာနိုင်ပါတယ်။
Multiple Sclerosis (MS) ဟာmyelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။
အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါဖြစ်တတ်တဲ့လက္ခဏာတွေထဲ လက်တုန်ခြင်းပါဝင်ပါတယ်။နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီးခံစားရတတ်ပါတယ်။
လောင်စာအလုံအလောက်မဖြည့်ပေးရင် ကားစက်တောင်နှိုးမရပါဘူး။ လူ့ခန္ဓါကိုယ်တစ်ခုလုံးကိုကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ်ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေကြောင့် လက်တုန်တာအပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမဖြစ်စေနိုင်ပါတယ်။
ကြွက်သားတွေနဲ့ အာရုံကြောတွေဆိုတာသွေးတွင်းသကြားဓါတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓါတ်အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။