ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။
ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။

အရက်နဲ့ ဓာတ်မတည့်ခြင်းမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Alcohol Allergy) နဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေအပေါ် ကိုယ်ခန္ဓာရဲ့ တုံ့ပြန်သက်ရောက်ခြင်း (Alcohol Intolerance) ဆိုပြီး ၂မျိုး ခွဲလို့ရပါတယ်။
ဒါကတော့ အရက်နဲ့ လုံးဝဓာတ်မတည့်တဲ့သူတွေမှာသာ ရှိတဲ့ ပြဿနာပါ။ ပုံမှန်ထက် ပိုပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေအပြင် ရုတ်တရက် အသက်ရှူကျပ်ပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒီလိုပြဿနာ သင့်မှာရှိတယ်ဆိုရင်တော့ အရက်ကို တစ်သက်လုံး သောက်လို့ရမှာမဟုတ်ပါဘူး။
အရက်သောက်ကာစ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရက်ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကိုယ်ခန္ဓာထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့အနေနဲ့ ဓာတ်မတည့်ပုံစံ လက္ခဏာတွေ ပြတတ်ပါတယ်။ များသောအားဖြင့် သိပ်ပြီးမပြင်းထန်ဘဲ သောက်ဆေးနဲ့ ဓာတ်မတည့်ဝေဒနာကို သက်သာအောင် လုပ်လို့ရပါတယ်။ နောက်ပိုင်း ကိုယ်ခန္ဓာက အရက်နဲ့ အသားကျသွားတဲ့အခါ ဒီဓာတ်မတည့်ခြင်းဟာ ရပ်သွားတတ်ပါတယ်။
ဓာတ်မတည့်လက္ခဏာ ရှိသူတွေမှာ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတစ်ခုခု ရှိနေတတ်ပါတယ်။ ဥပမာ – အစားအစာတစ်မျိုးမျိုး၊ အဝတ်အစား၊ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ၊ အင်းဆက်ပိုးမွှားနဲ့ တိရစ္ဆာန်တွေ အစရှိသဖြင့်ပေါ့။ အဲ့လို ဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေဟာ အသက်ရှူလမ်းကြောင်း သို့မဟုတ် လည်ချောင်းမှ တစ်ဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က သတိပေးတဲ့အနေနဲ့ Immunoglobin လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေကို အများအပြားထုတ်လွှတ်လိုက်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေ အရမ်းများလာတဲ့အခါ ဓာတ်မတည့်ခြင်း လက္ခဏာကို ဖြစ်စေပါတယ်။
အရက်သောက်ပြီးနောက် ပြင်းထန်ဓာတ်မတည့်ခြင်းဖြစ်စေ၊ ရိုးရိုးဓာတ်မတည့်တဲ့အခါမှာဖြစ်စေ
• ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ အရေပြား ယားယံလာခြင်း
• အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အနီစက်တွေ၊ အဖြူကွက်တွေ ထလာခြင်း
• မျက်နှာ၊ လည်ပင်းနဲ့ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖောရောင်လာခြင်း
• နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း
• အသက်ရှူရခက်ခြင်း၊ အသက်ရှူကျပ်ခြင်း
• ဗိုက်အောင့်ဗိုက်နာလာခြင်း
• မူးဝေအော့အန်ခြင်း
• ဝမ်းလျှောခြင်း
• မူးလဲတော့မလို ခေါင်းနောက်လာခြင်း၊ အသိစိတ်လွတ်ခြင်း စတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။
အကောင်းဆုံးကတော့ ဓာတ်မတည့်လက္ခဏာ စပြတာနဲ့ ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ ကိုယ့်မှာ ဖြစ်နေတာက ရိုးရိုးဓာတ်မတည့်ခြင်းလား၊ အရက်လုံးဝသောက်လို့ မရတဲ့ အခြေအနေလားဆိုတာကို ကွဲကွဲပြားပြားသိမှာပါ။
အရက်နဲ့ပတ်သက်ပြီး Allergy ပုံစံမျိုး ရှိတဲ့သူတွေကတော့ အရက်သောက်တိုင်းမှာ ဓာတ်မတည့်လက္ခဏာတွေကို ပြင်းထန်စွာ ခံစားရမှာဖြစ်ပြီး ဘယ်လိုအကြောင်းနဲ့မှ အရက်ကို မသောက်မိစေဖို့၊ ကိုယ်စားနေတဲ့အစားအစာ၊ အချိုရည်ထဲမှာ အရက်လုံးဝမပါမိစေဖို့ အရမ်းဂရုစိုက်ဖို့ လိုပါတယ်။
တစ်ခါတလေမှ ဖြစ်တတ်တယ်၊ ဝေဒနာကလည်း အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ဓာတ်မတည့်ပျောက်ဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်လို့ရပါတယ်။ များသောအားဖြင့် နာရီပိုင်းကနေ ရက်အနည်းငယ်အထိ ပျောက်ဖို့ အချိန်ကြာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရက်နဲ့ ဓာတ်တည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ အရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ မမေ့ထားသင့်ပါဘူးနော်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။