brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းဆိုတာ ပုံမှန်အားဖြင့် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန် မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေပါ။ ဒီအခြေအနေကို ဓာတ်မတည့်ခြင်း (ALLERGY) လို့ခေါ်တာပါ။

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်မှုဖြစ်စေတဲ့အရာ (allergens) တစ်ခုခုကို ထိတွေ့မိပြီဆိုတာနဲ့ ခန္ဓာကိုယ်က နှာချေတာ၊ နှာစေးတာ၊ အရေပြားမှာ အနီအပိမ့်တွေထွက်တာ၊ အင်ပြင်တွေလိုဖြစ်တာမျိုး ဖြစ်ပြီး တုံ့ပြန်ပါတယ်။ ဒါက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်က ဓာတုပစ္စည်းတွေ ထုတ်နေတဲ့ လက္ခဏာတွေပါ။ အဆိုးဆုံးအနေနဲ့ ဓာတ်မတည့်တာက သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အတွေ့ရများတဲ့ ဓာတ်မတည့်မှုတွေကတော့ ဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay Fever)၊ အစားဓာတ်မတည့်ခြင်း (food allergies)၊ အရေပြားဓာတ်မတည့်မှုပြဿနာတွေပါ။

ဓာတ်မတည့်မှုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး သေချာလေး ကုသမှုခံယူဖို့ လိုပါမယ်။

ဓာတ်မတည့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes အပါအဝင် ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက အရေပြားကို ထိခိုက်စေသလို၊ အသက်ရှူလမ်းကြောင်းစနစ်၊ အစာခြေစနစ် နဲ့ အခြားသောအရာတွေကို ထိခိုက်စေနိုင်ပါတယ်။

  • ဓာတ်မတည့်မှုဖြစ်တဲ့အခါ
  • နှာချေတာ
  • နှာခေါင်းပိတ်တာ
  • နှာရည်ယိုတာ
  • နှာစေးတာ
  • အရေပြား အဖုအပိမ့်တွေထွက်တာ
  • ယားယံတာ
  • အင်ပြင်ထွက်တာ
  • ရောင်ရမ်းတာတွေဖြစ်နိုင်ပါတယ်။

    ဓာတ်မတည့်မှု အမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။

    ဥပမာ အရေပြားဓာတ်မတည့်မှု (atopic dermatitis) ဆိုရင် အဓိကလက္ခဏာက ယားယံတာပါ။ အစားအစာ ဓာတ်မတည့်တာဆိုရင် အရေပြားမှာ အင်ပြင်တွေဖြစ်တာ၊ ရောင်တာ၊ ယားယံတာ၊ အနီရောင်အဖုအပိမ့်တွေထွက်တာမျိုး ခံစားရနိုင်ပါတယ်။ အစာခြေစနစ်မှာဆိုရင်တော့ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာမျိုး ခံစားရနိုင်ပါတယ်။ အသက်ရှူလမ်း​ကြောင်းမှာဆိုရင်တော့ အသက်ရှူရခက်တာမျိုး ခံစားရနိုင်ပါတယ်။

    ဓာတ်မတည့်မှုကြောင့် နှာခေါင်း အမြှေးပါးရောင်ခြင်း (Allergic rhinitis) ကတော့ ဝတ်မှုန်၊ မှို၊ တိရစ္ဆာန်အမွေးတွေ၊ ဖုန်မှုန့်တွေကြောင့် ဖြစ်တာပါ။ ဒီလိုဖြစ်တဲ့အခါ နှာချေတာ၊ နှာရည်တွေကျတာ၊ နှာစေးတာ၊ မျက်လုံးတွေယားတာ၊ နှာခေါင်းပိတ်တာမျိုး ခံစားရနိုင်ပါတယ်။ ရှူရှိုက် မိတာမဟုတ်ဘဲ ထိတွေ့မိတာဆိုရင်တော့ အရေပြား နီမြန်းတာ၊ ယားယံတာ၊ အရည်​ကြည်ဖုထွက်တာတွေ ခံစားရနိုင်ပါတယ်။

    ပြင်းထန်တဲ့ ဓာတ်မတည့်မှုရဲ့ တုံ့ပြန်မှုအနေနဲ့ မျက်နှာတွေ ရောင်ကိုင်းတာ၊ လျှာတွေ၊ နှုတ်းခမ်းတွေ၊ ခြေလက်တွေ ရောင်တာ၊ အင်ပြင်တွေ ထွက်တာ၊ အသက်ရှူရတာ ခက်တာ၊ သွေးပေါင်ကျတာလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် အရေးပေါ်ကုသမှု ခံယူဖို့ လိုပါမယ်။

    ဓာတ်မတည့်မှု ဖြစ်ရတဲ့ အကြောင်းအရင်းများ

    ဓတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေက ပုံမှန်အားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် ဓာတ်မတည့်မှုကို ခံစားရသူတွေမှာတော့ ဒီအရာတွေက ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရစေတာပါ။ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေက ဝတ်မှုန်တွေ၊ သားရေ၊ ဖုန်မှုန့်တွေ၊ မှိုတွေ၊ တိရစ္ဆာန် အမွေးအမျှင်တွေ၊ အချို့သော အစားအစားတွေနဲ့ ဆေးဝါးတွေပါ။

    ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ ပထမဆုံးအကြိမ် ထိတွေ့တဲ့အခါ လက္ခဏာ မပြပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ထိတွေ့တဲ့အခါမှာ ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့အရာတွေကို တုံ့ပြန်ဖို့ ပဋိပစ္စည်း (IgE) ကို ထုတ်လွှတ်တဲ့အခါမှာ ကိုယ်ခံအားဆဲလ်တွေရဲ့ တုံ့ပြန်မှုကြောင့် လက္ခဏာတွေဖြစ်လာပြီး ဓာတ်မတည့်မှုကို ခံစားသိရှိတာပါ။

    ဓာတ်မတည့်မှုက ဖြစ်နိုင်ခြေ များတဲ့ ကျန်းမာရေးပြဿနာပါ။ လူတိုင်းလိုလို ကလေးဘဝမှာ ကြုံဖူးကြပါတယ်။ ကလေးဘဝမှာ မဖြစ်ရင်တောင် တစ်ခေါက်လောက်တော့ ကြုံခဲ့ဖူးမယ့် ကျန်းမာရေးပြဿနာတစ်ခုပေါ့။

    ဓာတ်မတည့်မှုကို စစ်ဆေးသိရှိမှု

    ဒီလက္ခဏာတွေကို ကြည့်ပြီး ဘာကြောင့် ဓာတ်မတည့်မှု ဖြစ်တာလဲဆိုတာကို သုံးသပ်ပါမယ်။ ဒါ့အပြင် တိကျတဲံအဖြေရရှိဖို့က တတ်ကျွမ်းသူဆီမှာ စစ်ဆေးကြည့်ဖို့ လိုပါမယ်။

    စစ်ဆေးတဲ့အခါ အရေပြားကို စစ်ဆးတာ (skin testing ) နဲ့ သွေးကို စစ်ဆေးတာ (specific IgE (sIgE)) ဆိုပြီး ရှိပါတယ်။ အစားဓာတ်မတည့်မှုဆိုရင်တော့ အစားစားတာကနေတဆင့် စစ်ဆေးရပါမယ်။ ပန်းနာရင်ကျပ်ဆိုရင်တော့ spirometry ကနေတဆင့် သိနိုင်ပါတယ်။

    ကုသမှု နည်းလမ်းများ

    ဓာတ်မတည့်မှု ဖြစ်ရင် များသောအားဖြင့်ကတော့ နောက်တစ်ခါ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို ရှောင်ဖို့ ပြောကြတာများပါတယ်။ ဘယ်ကနေ ဓာတ်မတည့်မှု ဖြစ်တာလဲဆိုတာကို သိထားဖို့လည်း မှာတတ်ကြပါတယ်။

    ဓာတ်မတည့်မှုက အကြိမ်ကြိမ် ပြန်ဖြစ်နိုင်လို့ အနေအထိုင်၊ အစားအသောက် အရာရာ ဂရုစိုက်ဖို့ လိုပါမယ်။

    သိပ်မပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအတွက်တော့ antihistamines လိုမျိုး ဆေးဝါးတွေ သောက်တာ၊ ဆားရည်နဲ့ ဆေးကြောတာ၊ နှာခေါင်းထဲ အစက်ချတာမျိုး လုပ်ပေးလို့ ရပါတယ်။

    တကယ်လို့ ဒီလိုတွေ လုပ်ပေမယ့် မသက်သာဘူးဆိုရင် လိုအပ်တဲ့ကုသမှုကို ခံယူပါ။ ဆေးလိမ်းတာ၊ ဆေးသောက်တာတွေကို တတ်ကျွမ်းနားလည်သူက ညွှန်ပေးပါလိမ့်မယ်။ အရမ်းပြင်းထန်မယ်ဆိုရင် ဆေးထိုးဖို့ လိုအပ်ပါမယ်။

    Takeaways

    ဓာတ်မတည့်ပြဿနာဆိုတာ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ခုခံအား စတာတွေနဲ့ သက်ဆ်ုင်တာဖြစ်တဲ့အတွက် အပြီးပျောက်အောင် ကုဖို့ရာ ခဲယဉ်းပါတယ်။ ဒါ့ပြင် ဓာတ်မတည့်ရောဂါက အမျိုးအစားအများကြီး ရှိသလို ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေကလည်း အများကြီးရှိပါတယ်။ ကံကောင်းတာတစ်ခုက ကိုယ်နဲ့ မတည့်တာကိုသာ ရှောင်နိုင်မယ်ဆိုရင် လူကောင်းတစ်ယောက်လို နေထိုင်သွားနိုင်တာကြောင့် မတည့်တာကို သေချာမှတ်ထားပြီး ရှောင်ကြည့်ဖို့က အရေးကြီးဆုံးပါပဲ။

    Hello Sayarwon Panel
    Hello Sayarwon Panel
    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
    Written by Aye Thi Mon · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။